International News

ကာဗွန်ဓာတ်ငွေ့လျှော့ချနိုင်ရေး ဂျပန်နိုင်ငံရှိ နိုင်ငံတကာလေကြောင်းလိုင်းများအား လေယာဉ်ဆီသုံးစွဲမှုဆိုင်ရာ စည်းမျဉ်းများ သတ်မှတ်သွားမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံရှိ နိုင်ငံတကာလေကြောင်းလိုင်းများတွင် လေယာဉ်ဆီအသုံးပြုမှု၏ ၁၀ ရာခိုင်နှုန်းကို ရေရှည်တည်တံ့သည့် လောင်စာဆီအသုံးပြုနိုင်ရေးအတွက် အစိုးရက စည်းမျဉ်းများသတ်မှတ်သွားမည်ဖြစ်ပါသည်။ အဆိုပါသတ်မှတ်ချက်ကို ၂၀၃၀ ပြည့်နှစ်တွင်စတင်၍အကောင်အထည်ဖော်မည်ဖြစ်ကာ လေယာဉ်ဆီလက်ကားရောင်းချသူများနှင့် ဂျပန်နိုင်ငံရှိ နိုင်ငံတကာလေကြောင်းလိုင်းပြေးဆွဲသူများအနေဖြင့် ရောင်းချ/သုံးစွဲသည့် လေယာဉ်ဆီ၏ ၁၀ ရာခိုင်နှုန်းကို Sustainable Aviation Fuel (SAF) သို့ ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ မော်တော်ယာဉ်များနှင့်နှိုင်းယှဉ်ပါက လေယာဉ်ကို လျှပ်စစ်ယာဉ်အဖြစ် ပြောင်းလဲရန်ခက်ခဲသည့်အတွက် ယခုကဲ့သို့အပင်နှင့်အမှိုက်များမှ ရရှိမည့်လောင်စာဆီ Sustainable Aviation Fuel (SAF) ကို အသုံးပြု၍ ကာဗွန်ဓာတ်ငွေ့လျှော့ချနိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် Energy Supply Structure Upgrading Law ကိုပြင်ဆင်ရာ၌ အဆိုပါမူဝါဒကို ထည့်သွင်းနိုင်ရေး အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ မြေယာ၊ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ Decarbonization Business Plans ၏ အစိတ် အပိုင်းအနေဖြင့်လည်း ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုးရ၏မူဝါဒအသစ်ကြောင့် ဂျပန်နိုင်ငံတွင် သုံးစွဲသည့်လေယာဉ်ဆီ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် တစ်နှစ်လျှင် လေယာဉ်ဆီ ၁.၇ သန်း ကီလိုလီတာမှာ Sustainable Aviation Fuel(SAF)အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပါသည်။ Sustainable Aviation Fuel (SAF) သုံးစွဲခြင်းဖြင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် အစိုးရအနေဖြင့် လျှပ်စစ်သုံးယာဉ်မူဝါဒ(Electric Vehicle Policy) ကဲ့သို့သော ကာဗွန်လျှော့ချရေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါမူဝါဒများကို စီးပွားရေးလုပ်ငန်းများအနေဖြင့် လိုက်နာစေရေးအားပေးသည့်အနေဖြင့် အကူအညီအထောက်အပံ့ ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အစိုးရအနေဖြင့် ကာဗွန်လျှော့ချနိုင်ရေးအတွက် အခြားသောလုပ်ငန်းကဏ္ဍများတွင်လည်း မူဝါဒများချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ အချက်အလက်များအရ နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှ ၂၀၂၁ ခုနှစ်တွင် ကာဗွန်ဓာတ်ငွေ့တန် ၇၀၀ နီးပါး ထုတ်လွှတ် ခဲ့ပြီး အဆိုပါပမာဏမှာ စုစုပေါင်း ကာဗွန်ထုတ်လွှတ်မှု၏ ၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။ နိုင်ငံတကာလေကြောင်းပျံသန်းရေးအဖွဲ့ (ICAO) အနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများ၏ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၅၀ ပြည့်နှစ်တွင် သုညရာခိုင်နှုန်းသို့ ရောက်ရှိစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။

Source: Nikkei Asia (May 25, 2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News